Friday, 9 August 2013

ဘာကြောင့် ရိုင်း...??

သမိုင်းကို ဘယ်လိုလိမ်ခဲ့ ကြသလဲဆိုတာ
၁၉၈၈ ခုနှစ်က ဆရာလူထုစိန်ဝင်း ရေးခဲ့တဲ့ဆောင်းပါး

ဇေယျတု စာအုပ်ထုတ်ဝေရေးမှ ထုတ်ဝေသော "၁၃၅၀ ပြည့်နှစ် ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအမှတ်တရ မန္တလေးနှင့် အခြားသမိုင်းပုံရိပ်များ" စာအုပ်မှ ပြန်လည်ဖော်ပြပါသည်။
ယမန်နေ့ညက အီတလီနိုင်ငံ မီလန်မြို့ရှိ မိတ်ဆွေတစ်ဦးထံက ဖုန်းဆက်သည်။ ၎င်းမိတ်ဆွေက ထိတ်လန့်တကြားဖြင့် ဗမာလူမျိုးတွေဘာကြောင့် လူရိုင်းကြီးတွေ ဖြစ်ကုန်ကြတာလဲဟု မေးသည်။ သူက ဗမာပြည်မှ ပြန်ရောက်လာသူများထံမှ ဓာတ်ပုံများ၊ ဗွီဒီယို အခွေများကိုကြည့်ပြီး အမျိုးသမီးတစ်ဦးက ထဘီတိုတိုဝတ်ပြီး ဓားရှည်ကြီးကို တအားလွှဲလျက် လူတစ်ယောက်၏ ခေါင်းကိုဖြတ်နေပုံ၊ ကျောင်းသားနှင့်တူသည့် လူငယ်လေးတစ်ဦးက ခေါင်းပြတ်ကြီးတစ်ခုကို ဆံပင်မှ ဆုပ်ကိုင်၍ ၀မ်းသာအားရ ခုန်ပေါက်နေပုံ စသည့်ကြောက်ခမန်းလိလိ ပုံတွေကို မြင်ရသောအခါ အော့နှလုံးနာမိသည်။
သူများစွာကို ချစ်မြတ်နိုးလွန်း၍ ဂုဏ်ယူဝင့်ကြွားလေ့ရှိသော ဗမာလူမျိုးများအတွက် အရှက်ရမိ ပါသည်ဟု ပြောလေသည်။
ကျွန်တော့်မိတ်ဆွေ အင်နီတာသည် မီလန်တက္ကသိုလ်မှ မနုဿဗေဒ ပါမောက္ခတစ်ဦး ဖြစ်ပါသည်။ ကျောင်းဆရာဘ၀ မရောက်ခင် တက်တက်ကြွကြွ ၂၀ ဦးပိုင်း အရွယ်က ကျွန်တော်နှင့် ဘ၀တူ သတင်းစာသမားတစ်ဦး ဖြစ်ခဲ့ပါသည်။ အသက် ၄၀ ကျော်လာသော အခါတွင်မှ ပြေးလွှားလှုပ်ရှားနေရသော သတင်းထောက်ဘ၀မှ အနားယူကာ ကျောင်းဆရာဘ၀သို့ ကူးပြောင်းသွားခဲ့ ပါသည်။ သူသည် မြန်မာနိုင်ငံသို့ သတင်းထောက်မလေးအဖြစ် သုံးကြိမ်၊ ပါမောက္ခတစ်ဦးအဖြစ် သုံးကြိမ် စုစုပေါင်း ခြောက်ကြိမ် ရောက်ခဲ့ဖူး၍ သီလရှင် နှစ်ကြိမ်ဝတ်ပြီး ရက်ရှည်တရား ထိုင်ခဲ့ဖူးသူလည်း ဖြစ်ပါသည်။
လက်နက်ဆို၍ အပ်တိုတစ်ချောင်းပင် မရှိသော ကျောင်းသူကျောင်းသားလေးများအား ရက်စက်ကြမ်းကြုတ်စွာ ၀ါးရင်းတုတ်ဖြင့် မသေမချင်း ရိုက်သတ်ခြင်းများ၊ မသေမရှင် ဖြစ်နေသူတွေကို အင်းလျားကန်ထဲသို့ နှစ်သတ်ခြင်း၊ ငါးတန်း၊ ခြောက်တန်းအရွယ် ကလေးသူငယ်လေးတွေကို ကားနှင့်တိုက်သတ်ခြင်း၊ ထောင်ထဲရောက်နေကြသော တက္ကသိုလ် ကျောင်းသူလေးများကို မတရားကျင့်ကြံခြင်း . . . . .
သူသည် မြန်မာလူမျိုးများနှင့်တကွ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများကို များစွာချစ်မြတ်နိုးပါသည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်၍ ကမ္မဋ္ဌာန်းတရား၌လည်း ပျော်မွေ့ပါသည်။ တစ်ကိုယ်ရေ တစ်ကာယ သမားဖြစ်၍ ငွေစုပြီး အငြိမ်းစားယူသော အရွယ်၌ မြန်မာနိုင်ငံတွင် သီလရှင်ဘ၀ဖြင့် လာပြီးအရိုးထုတ်ရန် ရည်သန်ထားသူလည်း ဖြစ်ပါသည်။ မြန်မာလူမျိုးတို့၏ စိတ်ရှည်သည်းခံနိုင်မှု၊ ကြင်နာသနားတတ်မှု၊ ရက်ရောမှုတို့ကိုလည်း တဖွဖွချီးကျူး ပြောဆိုလေ့ ရှိပါသည်။
ယခုတော့ ချီးကျူးဂုဏ်ယူလေ့ရှိသော မြန်မာလူမျိုးတို့အတွက် အကြီးအကျယ် အရှက်ရနေရ ပါသည်။ ဘာ့ကြောင့်များ ဗုဒ္ဓဘာသာ တရားတော်၏ အဆုံးအမ၌ ယဉ်ပါးခဲ့ရသော မြန်မာလူမျိုးများ ရက်စက်ကြမ်းကြုတ်သော အပြုအမူတွေ ပြုမူကုန်ကြတာလဲဟု ထိတ်လန့်တကြား မေးခဲ့သည်။
ဟုတ်ပါသည်။ အင်နီတာသိသည့်အတိုင်း မြန်မာလူမျိုးများသည် အင်မတန် သနားတတ်သော လူမျိုးဖြစ်ပါသည်။ မိမိလူမျိုးကို လက်သည်းခွံခွာပြီး ပါးရိုက်သော ဂျပန်ဖက်ဆစ်များကိုပင် စစ်ပြေးများအဖြစ် ရောက်လာသောအခါ ရွာထဲမှ ၀ှက်ထား၍ ကျွေးမွေးစောင့်ရှောက်သော လူမျိုးဖြစ်ပါသည်။
သို့သော် လက်နက်ဆို၍ အပ်တိုတစ်ချောင်းပင် မရှိသော ကျောင်းသူကျောင်းသားလေးများအား ရက်စက်ကြမ်းကြုတ်စွာ ၀ါးရင်းတုတ်ဖြင့် မသေမချင်း ရိုက်သတ်ခြင်းများ၊ မသေမရှင် ဖြစ်နေသူတွေကို အင်းလျားကန်ထဲသို့ နှစ်သတ်ခြင်း၊ ငါးတန်း၊ ခြောက်တန်းအရွယ် ကလေးသူငယ်လေးတွေကို ကားနှင့်တိုက်သတ်ခြင်း၊ ထောင်ထဲရောက်နေကြသော တက္ကသိုလ် ကျောင်းသူလေးများကို မတရားကျင့်ကြံခြင်း စသည်တို့ကို မျက်ဝါးထင်ထင် မြင်တွေ့ခံစားရသော အခါမျိုး။
လက်နက်မဲ့ ရဟန်းသံဃာနှင့် ကျောင်းသားပြည်သူတွေကို ထောင်နှင့်ချီ၍သေအောင် စစ်မြေပြင်သုံး မောင်းပြန်လက်နက်တွေသုံး၍ စနစ်တကျ သွေးအေးအေးဖြင့် သတ်ဖြတ်သည်ကို မြင်တွေ့ခံစားရသော အခါမျိုး၌ မည်သည့်လူသားသည် ဒေါသပုန်မထဘဲ ရှိပါမည်နည်း။
ပြည်သူတို့ သောက်သုံးသည့်ရေထဲ အဆိပ်ထည့်၍သတ်သော လုပ်ရပ်မျိုး၊ ညညကားနှင့် ဖြတ်မောင်းသွားကာ ပြည်သူများကို လက်နက်မျိုးစုံဖြင့် ပစ်ခတ်ထွက်ပြေးသော မာဖီယားလူဆိုးတို့ လုပ်ရပ်မျိုး၊ အစိုးရကိုယ်တိုင်က သူခိုးကျင့်သူခိုးကြံဖြင့် ဂိုဒေါင်တွေလည်းဖောက်ပြီး ၀ရုန်းသုန်းကားဖြစ်အောင် ဖန်တီးသော လုပ်ရပ်မျိုး၊ တစ်နိုင်ငံလုံးရှိ အကျဉ်းသားများကို လွှတ်ပေးသော လုပ်ရပ်မျိုး၊ လူဆိုးသူခိုးတွေကို လူစိတ်ပျောက်စေသော စိတ်ကြွဆေးများ ထိုးပေးကာ ရဟန်းသံဃာနှင့် ကျောင်းသားတွေကို ခေါင်းဖြတ်သတ်စေသော လုပ်ရပ်မျိုးများကို ဤနှစ်ဆယ်ရာစု ခေတ်ကြီးအတွင်း၌ မည်သည့်အစိုးရမျိုးက လုပ်ရဲသည်ကို အင်နီတာ တွေ့ဖူးကြုံဖူး ကြားဖူးပါသလဲ။
မြန်မာလူမျိုးတို့သည် ၂၆ နှစ်လုံးလုံး ကျောကော့အောင် ခါးစည်းသည်းခံ ခဲ့ကြသည်ကို အင်နီတာ အပါအ၀င် နိုင်ငံခြားသားတိုင်းပင် သြချယူခဲ့ရသည် မဟုတ်ပါလော။ ဒါလောက်တောင် ဖိနှိပ်ချုပ်ချယ်တဲ့၊ ဒါလောက်တောင် ယုတ်မာပက်စက်တဲ့၊ ဒါလောက်တောင် လူ့အခွင့်အရေးတွေကို နင်းခြေဖျက်ဆီးတဲ့ အစိုးရလက်အောက်မှာ မြန်မာလူမျိုးတွေ ဒါလောက်ကြာကြာ နေနိုင်ကြတာကို အံ့သြလို့တောင် မဆုံးနိုင်ဘူးလို့ အင်နီတာကိုယ်တိုင် ထပ်တလဲလဲ ပြောခဲ့ဖူးသည် မဟုတ်ပါလား။
ချစ်စွာသော အင်နီတာ။ ကမ္ဘာမှာ ကျော်မကောင်း ကြားမကောင်းအောင် မိန်းမသားများပင် ခေါင်းဖြတ်ရသည့် အဖြစ်မျိုးရောက်အောင် ကျွန်ုပ်တို့အား ဘယ်သူက တွန်းပို့ခဲ့ပါသနည်း။ ကလေးဆေးရုံမှ ကလေးသူငယ်များ သောက်သုံးရေထဲသို့ အဆိပ်လာခတ်သောသူကို ဒေါသတကြီးဖြင့် တုံ့ပြန်သောလူထုကို မှားသည်ဟု အင်နီတာ ဆိုပါမည်လော။ လူသတ်ခြင်းဟာ မကောင်းပါ အင်နီတာ။ ခေါင်းဖြတ်ခြင်း အမှုဆိုတာကတော့ သာ၍ပင် မကောင်းပါ။ လူသားစားခေတ် လူရိုင်းများ၏ လုပ်ရပ်ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့ မြန်မာလူမျိုးများ လူရိုင်းဘ၀သို့ ရောက်သွားအောင် ဇွတ်အတင်းတွန်းပို့သော တရားခံသည် မည်သူလဲဆိုတာ အထူးတလည် ပြောကြားရန် လိုမည်မဟုတ်တော့ပါ။
သွားတစ်ချောင်းလျှင် တစ်ချောင်းချင်း၊ မျက်လုံးတစ်လုံးလျှင် တစ်လုံးချင်းဆိုသည်မှာ တောတွင်းတိရစ္ဆာန်တို့၏ ဥပဒေသ ဖြစ်ပါသည်။ မကောင်းပါ။
သို့သော် တစ်ခါတစ်ရံ တိရစ္ဆာန်တို့ နားလည်သော ဘာသာစကားမှာ ဤဘာသာစကား တစ်ခုတည်းသာ ဖြစ်သည်ဆိုပါလျှင် ....။
(မိုးသောက်ဂျာနယ် အမှတ် (၁) ၁၉၈၈ စက်တင်ဘာလ ၁၃ ရက်မှ)
အထက(၂)တောင်ဒဂုံမှ ကျောင်းသား ကျောင်းသူများကို တွေ့ရစဉ်


8.8.1



အခြေခံပညာ ကဏ္ဍအတွက် လက်ရှိ အသုံးပြု သင်ကြားနေသော အခြေခံပညာ ပြဋ္ဌာန်းစာအုပ်၏ သင်ရိုးပါ အကြောင်းအရာ အချို့မှာ မှားယွင်းခြင်း၊ ခေတ်စနစ်နှင့် မလျော်ညီခြင်းများ ရှိနေ၍ သင်ရိုးပါ အချက်အလက်များကို ခေတ်စနစ်နှင့်အညီ ပြန်လည်ပြင်ဆင် အသုံးပြုရန် လိုအပ်နေပြီ ဖြစ်ကြောင်း အခြေခံ ပညာကဏ္ဍ လေ့လာသုံးသပ်သူများက ဆိုသည်။
အခြေခံပညာ ကျောင်းများတွင် အသုံးပြု သင်ကြားလျက်ရှိသည့် လက်ရှိ သင်ရိုးပြဋ္ဌာန်းချက်များမှာ ၁၉၈၅ ခုနှစ်မှ စတင်ကာ နောက်ဆုံးရေးဆွဲ ပြဋ္ဌာန်းချက်များ ဖြစ်သည့်အတွက် ပုံနှိပ်ထုတ်ဝေထားသည့် ဘာသာရပ် အချို့၏ သင်ရိုးများမှာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ပညာရေး စနစ်တွင် ပြဋ္ဌာန်းသင်ရိုးများသည် အများဆုံး ၁၀ နှစ်တစ်ကြိမ် နည်းပညာ ပြောင်းလဲမှုများ ရှိသည်နှင့်အမျှ ပြောင်းလဲပြင်ဆင် ရေးဆွဲမှုများ ပြုလုပ်ကြသည်ဟု သိရသည်။ မြန်မာနိုင်ငံ၌ လက်ရှိသင်ကြား ပေးလျက်ရှိနေသည့် အခြေခံပညာကျောင်း သင်ရိုးများမှာ အာဆီယံ အဆင့်နှင့်အညီ နှစ်စဉ်လိုအပ်ချက်အရ အဆင့်မြှင့် ရေးဆွဲထားသည့် သင်ရိုးများ ဖြစ်သော်လည်း ပြဋ္ဌာန်းစာအုပ်များမှာ နှစ်ပေါင်း၂၀ ကျော်ကြာ ပြဋ္ဌာန်းစာအုပ်များ ဖြစ်ခြင်းကြောင့် ပြောင်းလဲလာသည့် နည်းပညာ ခေတ်နှင့်အညီ ပညာအရည်အသွေးအား လိုက်လျောညီထွေ ဖြစ်စေရေးအတွက် ဆောင်ရွက်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ပညာရေး အကြံပေးအရာရှိ တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။
ဥပမာအားဖြင့် တက္ကသိုလ်ဝင်တန်းအတွက် သင်ကြားရန် ပြဋ္ဌာန်းထားသည့် ဓာတုဗေဒ ဘာသာရပ် စာအုပ်၌ စာမျက်နှာ အမှတ် ၃၀၇၊ နောက်ဆက်တွဲ ၁ တွင် ဖော်ပြထားသည့် အဏုမြူများ (Atoms) ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ မှားယွင်းလျက် ရှိနေကြောင်း၊ Atoms ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် Atoms အား indivisible (ခွဲခြား၍မရ)ဟု အဓိပ္ပာယ်ဖွင့်ဆို ခဲ့သော်လည်း Atoms ၏ ပေါင်းစပ်ဖွဲ့စည်းမှုများ ယှဉ်တွဲဖော်ပြထားကြောင်း သိရသည်။
ယခုအခါ Atoms အား ထပ်ဆင့် ခွဲခြားစိတ်ဖြာ၍ Proton၊ Neutron နှင့် Electron များ ရရှိနိုင်ကြောင်းကို ဖော်ပြသင်ကြားသင့်ကြောင်း လေ့လာသူများက ဆိုသည်။
8.8.1
Atoms ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ပြဋ္ဌာန်းစာအုပ်တွင် ဖော်ပြထားသည်ကို တွေ့ရစဉ်
''ပြဋ္ဌာန်းစာအုပ်ပါ အချက်အလက် တချို့က မှားယွင်းဖော်ပြ ထားတာကို တွေ့ရပါ တယ်။ အဲဒီဖော်ပြချက် အမှားတွေကို မပြင်ဆင်ဘဲနဲ့ ဆက်ပြီးသင်ကြားမယ်ဆိုရင် ဒီပညာရပ်တွေကို အစဦး လေ့လာကြမယ့် အခြေခံပညာ ကျောင်းသားကျောင်းသူတွေ အတွက် အဓိပ္ပာယ် ကောက်ယူမှုတွေ၊ အသိအမြင်တွေဟာ လွဲမှားမှုတွေ ဖြစ်သွားစေနိုင်မှာ ဖြစ်ပါတယ်''ဟု သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ နည်းပညာ ပညာရှင်အဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာသိန်းဦးဘိုးစောက ထောက်ပြ ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ ပုဂ္ဂလိက ဆရာများအသင်းချုပ်၊ ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းဦးကလည်း ''သင်ရိုးတွေက ခေတ်နဲ့ လိုက်လျောညီထွေ ဖြစ်မှု အားနည်းနေပါတယ်။ ဒါ့ကြောင့် အာဆီယံနိုင်ငံများရဲ့ သင်ရိုးညွှန်းတမ်းတွေကို လေ့လာသုံးသပ်ပြီး ခေတ်နဲ့လျော်ညီတဲ့ မိမိနိုင်ငံနဲ့လည်း ကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်းတွေ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပါပြီ'' ဟု အကြံပြု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ သင်ရိုးညွှန်းတမ်းများကို ပြန်လည်သုံးသပ်ခြင်းအား ပုံမှန်ဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် သင်ရိုးပါ အကြောင်းများသည်လည်း ခေတ်နှင့် လိုက်လျောညီထွေမှု အားနည်းနေသည့် အတွက် အဆိုပါ သင်ရိုးပါ အကြောင်းအရာများကိုလည်း ခေတ်နှင့်အညီ အမြန်ဆုံး ပြန်လည်ပြုစုရန် ဆွေးနွေးလျက် ရှိကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။
''သင်ရိုးပါ အကြောင်းအရာတွေကို ခေတ်နဲ့အညီ အမြန်ဆုံး ပြန်လည်ပြုစုဖို့ သင်ရိုးညွှန်းတမ်းတွေကို ငါးနှစ်တစ်ကြိမ် သို့မဟုတ် ခုနစ်နှစ်တစ်ကြိမ် သို့မဟုတ် ၁၀ နှစ် တစ်ကြိမ် စသဖြင့် ပုံမှန်ပြန်လည် သုံးသပ်နိုင်ဖို့ အတွက် ဥပဒေ ထည့်သွင်းပြဋ္ဌာန်း ဖို့ကိုလည်း ဆွေးနွေးနေပါတယ်''ဟု ပညာရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ဆိုသည်။
အခြေခံပညာ ကဏ္ဍတွင် လက်ရှိအသုံးပြု သင်ကြားလျက် ရှိနေသော စာအုပ်အတွင်း ဒီဇိုင်းရုပ်ပုံများမှာ ခေတ်မမီခြင်းနှင့် ထင်ရှားမှုမရှိခြင်း၊ လက်ရှိ ကျောင်းသုံးစာအုပ်သည် ကျောင်းသားများအတွက် စိတ်ဝင်စားမှု အလွန်အားနည်းသည့် ပုံနှိပ်မင်စာလုံးများ အသုံးပြုထားခြင်း၊ ရုပ်ပုံများ၊ မြေပုံများ ထင်ရှားမှုမရှိခြင်း၊ အချို့စာအုပ် အရွယ်အစားများမှာ သေးငယ်လွန်းခြင်းတို့ကြောင့် ကျောင်းသုံးစာအုပ်များကို နောင်တွင် ရိုက်နှိပ်ထုတ်ဝေရာတွင် ရောင်စုံ ရုပ်ပုံများ ထည့်သွင်းခြင်း၊ ပညာရေးဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပုံနှိပ်သူများ၊ ပုံနှိပ်ထုတ်ဝေသူများနှင့် တွေ့ဆုံညှိနှိုင်းကာ ကောင်းမွန် ထိရောက်သော စာအုပ်ရရှိရေး ဆောင်ရွက်ရန်၊ ရုပ်ပုံများကို ပြန်လည်ရေးဆွဲ ဒီဇိုင်းဖော်ရာတွင် ကျား၊ မ ညီမျှစေသော ရုပ်ပုံများဖြစ်ရန်၊ အခြေခံပညာ သင်ရိုးဌာနခွဲ အနေဖြင့် ဌာနပြင်ပမှ သင်ရိုးဆိုင်ရာ ပညာရှင်များကို ရွေးချယ်ခန့်ထား နိုင်သည့်အပြင် သင်ရိုးရေးဆွဲမှု အပိုင်းမှ ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များထံမှ အကြံဥာဏ်များ ရယူရန်၊ ဆရာများ၏ အရည်အသွေး၊ ဆရာ့လက်စွဲ စာအုပ်များ၊ ကျောင်းသုံးပုံနှိပ် စာအုပ်များ အရည်အသွေးများ တိုးတက်အောင် လုပ်ဆောင်ရန်၊ စာအုပ်များသည်လည်း သင်တန်းသားများအတွက် အားထားရသော စာအုပ်ဖြစ်ပြီး အရည်အသွေး ကောင်းမွန်စေရန်၊ အာဆီယံနိုင်ငံများ၏ သင်ရိုးညွှန်းတမ်း များကိုလည်း လေ့လာသုံးသပ်ပြီး ခေတ်နှင့် လိုက်လျောညီထွေ ဖြစ်စေရေးအတွက် လိုအပ်သလို ပြန်လည် ပြုပြင်ဆောင်ရွက် ကြရန်လည်း မြန်မာနိုင်ငံ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း အစီရင်ခံစာတွင်လည်း အကြံပြု ဖော်ပြထားကြောင်း သိရသည်။

11 media

တချိန်ကနဲ့ ခုအချိန်.....။

တချိန်က... ဘယ်လို အိပ်အိပ် အိပ်ရေးမ၀လို့ စိတ်ညစ်ရတယ်..
အခုချိန်မှာ... ဘယ်လို အိပ်အိပ် အိပ်မရလို့ စိတ်ညစ်ရတယ်....့

တချိန်က.... အငိုလွယ်သူတွေကို စိတ်ပျက်ဘူးတယ်...
အခုချိန်မှာ... ၀မ်းနည်းတိုင်း ငိုချနိုင်သူတွေကို အားကျလာတယ်..။

တချိန်က... စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရားဟာ အရေးအပါဆုံးလို့ ယုံကြည်ခဲ့ဘူးတယ်...။
အခုချိန်မှာ.. စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရားထက် အရေးပါတာတွေကို တွေ့လာရတယ်။

တချိန်က...မေမေပြောတဲ့ သစ္စာနဲ့ မေတ္တာစစ်သာပါရင် အရာရာအောင်နိုင်တယ်ဆိုတဲ့ ပုံပြင်တွေ ချိုမြိန်ခဲ့ဘူးတယ်...။
အခုချိန်မှာ အဲဒီပုံပြင်တွေ ခါးသက်လာတယ်....။

တချိန်က........။
အခုချိန်မှာ......။

တချိန်က........။
အခုချိန်မှာ......။

တချိန်က........။
အခုချိန်မှာ..........................................................။