Sunday, 31 March 2013

မောင်နေနန်းတော်မိုးယံမြင့် နဲ့ မအိမ်သူဝဠာထက်

နေနန်းတော်။ ။ဆရာကြီး မိန်းကလေးတွေက ဘာလို့ သည်လောက်တောင် လန်းပြီး ဆွဲဆောင်မှုတွေ ရှိနေရတာလဲဟင်
ဆရာကြီး။ ။ဪ ဒါကတော့ မင်းတို့တွေ ကြိုက်လာအောင်လို့ပေါ့ကွယ်
နေနန်းတော်။ ။ဒါဆို သူတို့တွေက လှသလောက် ဘာလို့ အသိဥာဏ်မဲ့ပြီး ဆင်ခြင်တုံတရား မရှိရတာလဲ
ဆရာကြီး။ ။ဒါကြောင့်လဲ မင်းတို့လို ကောင်မျိုးတွေကို ပြန်ကြိုက်နေတာပေါ့
နေနန်းတော်။ ။ဂိန် ဂိန် (အသံမထွက်ပဲ ရင်ဘတ်ကြီးထဲမှ အော်မြည်သံ)
ဆရာကြီး။ ။မောင်နေနန်းတော် မိန်းကလေးတွေကို သံပုရာသီးလို့ထင်နေရင် မင်း သံပုရာသီးစစ်စစ် ဖြစ်နေပြီလို့သာ မှတ်ထားတော့၊ ကဲ ငါလဲ မအားသေးဘူး ထမင်းအိုးလေးတည်ထားတုန်း အဝတ်သွားလျှော်လိုက်ဦးမယ်။
   . . .   

ဆရာကြီး၏နာမည်ရင်းက ပျောက်နေပါပြီ၊ နေရာတကာ ပါလွန်းသိလွန်းနေ၍ စပ်စပ်ကြီး ဟုသာ တွင်နေ၏၊ အရင်ကတော့ ဟိုစပ်စပ် သည်စပ်စပ် စာတွေဖတ်၍ သိနေကာ စပ်စပ်ကြီးဟု ခေါ်ကြခြင်းဖြစ်၏။
မောင်နေနန်းတော်လေး မွေးတုန်းက ၎င်း၏မိဘတွေက ဆရာကြီးစပ်စပ်ကြီးထံ နာမည်ရွေးပေးဖို့ အလကားရသဖြင့် လာမေး၏၊ တိုက်တိုက်ဆိုင်ဆိုင်ပင် မအိမ်သူလေးရဲ့ မိဘများကလည်း လာမေး၏၊ ဆရာကြီးက မောင်နေနန်းတော်မိုးယံမြင့် နှင့် မအိမ်သူဝဠာထက် ဟုတွင်စေသည်။
ထိုအချိန်က နေနန်းတော်၏ မိဘများက လာကွိုင်ရှာကြသလို မအိမ်သူလေး၏ မိဘများကလည်း ကွိုင်ရှာကြ၏။
“ဆရာကြီး နေနန်းတော်ဆိုတော့ ပူမနေဘူးလား”
“မပူပါဘူးဗျာ နေဆိုတာ SUN ကိုပြောတာမဟုတ်ဘူးဗျ၊ နေထိုင်ခြင်းလို့ ဆိုလိုတာ၊ ခင်ဗျားတို့ သားတော် မိုးပေါ်မှာရှိတဲ့ နန်းတော်ပေါ်မှာ နေရမယ်လို့ တွင်ထားတာ”
“ဪ ဟုတ်လား မသိပါဘူး ဆရာကြီးရယ် သည်လိုဆိုတော့လဲ မင်းဂွတ်သီးလို ဂွတ်နေပါလား”
တန်၏မတန်၏ မစဉ်းစားကြ စိတ်ကျေနပ်သွားကြ၏။

“ဆရာကြီးရယ် အိမ်သူဆိုတဲ့ နာမည်ကြီးက ရိုးစင်းမနေဘူးလား၊ နောက်ပြီး ဝဠာဆိုတာကလဲ ဘာကြီးလဲ”
“အင်း မသိတဲ့သူများ ပြောရတာ တယ်ခက်၊ အိမ်သူဆိုတာ ရိုးရိုးအိမ်သူ မဟုတ်ပါဗျာ၊ စကြာဝဠာထက်မှာ ရှိတဲ့ အိမ်ကိုပြောတာ၊ ခင်ဗျားတို့သမီး အဲသည်က သတိုးသားလောင်းနဲ့ ဖူးစာဖက်ဖို့ အတိတ်ကောင်း နမိတ်ကောင်း ယူထားတာ”
ဆရာကြီးက သည်လိုဆိုလိုက်တော့လဲ မအိမ်သူလေးရဲ့ မိဘများ ပါးစပ်ဟောင်းလောင်း။

အချိန်တန် အရွယ်ရောက်လာတော့ နေနန်းတော်ဆိုသော သတိုးသားလောင်းလေးက စကားကြီး စကားကျယ်နဲ့ စကားလုံးတွေက မိုးကောင်းကင်ထက်ကျော်ကာ အတိုင်းမသိမြင့်မားနေသလို အိမ်သူလေးကလဲ လူကသာ မလန်းတာ ဘဝင်ကတော့ အလန်းစား၊ စကြဝဠာထက်ပင် ကျော်နေ၍ နာမည်တွင်စေခဲ့သူ ဆရာကြီးပင် ခေါင်းမငုံ့သာ အမြဲတမ်း မော်ကြည့်နေရသူလေး ဖြစ်၍နေလေ၏။ ဟုတ်တော့လဲ ဟုတ်နေ၏၊ မောင်နေနန်းတော်က ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံမှာ ငါးနှစ်တိတိ အလုပ်လုပ်ခဲ့ပြီး မြန်မာပြည်ကို ပြန်ရောက်နေသလို စီစီအိုင်ဘွဲ့ပေါင်းများစွာတွေ အရယူပြီးသည့် အပြင် မလုံလောက်သေးသဖြင့် အိမ်နီးခြင်းနိုင်ငံတစ်နိုင်ငံမှာ နောက်ထပ် ဘွဲ့တွေ ထပ်ယူလာသော မအိမ်သူလေးကလည်း ပညာစုံ၍ အိမ်ပြန်ရောက်နေချိန် ဖြစ်၏။

“ဆရာကြီး ကျနော်က ကိုယ့်ထက်မြင့်တဲ့ မိန်းကလေးဆို မစဉ်းစားဘူးဗျ ဥပမာဗျာ ကျနော်က အင်္ဂျင်နီယာဆိုရင် ဆရာဝန်အမျိုးသမီးကို မကြိုက်ဘူး၊ အလကားနေရင်း ကိုယ်က အောက်ကြို့နေရမယ်”
“အေးပါ လေနန်းတော်ရယ် မင်းပြောသလိုဆို နိုင်ငံတစ်ကာက အမျိုးသမီးဝန်ကြီးချုပ်တွေ သမ္မတတွေ ယောက်ျားရဖို့ကိန်းတော့ မမြင်တော့ဘူး”
“ဆရာကြီးကလည်း နေနန်းတော်ပါဗျ”
“အေး မင်းလေမြင့်လွန်းလို့ ငါ နာမည်ပြောင်းပေးထားတာ လေနန်းတော်ရ”
“ဟာ ဆရာကြီးကလဲ”

“စိတ်ညစ်ပါတယ် ဆရာကြီးရယ် သမီးတို့တိုင်းပြည်ကလဲ ဖုံတွေသဲတွေနဲ့ လူတွေကလဲ စည်းကမ်း မရှိကြဘူး ကားတွေကလဲ အဲလိုပဲ”
“စိတ်လျှော့ပါ ကလေးမရယ် ကိုယ့်ဘာသာပဲ စည်းကမ်းကောင်းအောင် နေပါ သူများမကောင်းတာ အပြန်ပြန် အလှန်လှန် လိုက်ပြောနေကြရင်း အခုလိုကြီး အာရှမှာ အမွဲဆုံးနီးနီး ဖြစ်လာတာမို့လား”
“ဟာ ဆရာကြီးကလဲ ထားလိုက်ပါတော့နော် ဒါနဲ့ ဟိုလေ မနက်က ဆရာကြီးနဲ့ စကားပြောနေတဲ့ လေနန်းတော်ဆိုလား ဘာလား အဲသည့်ကောင်ကို သမီး ကြည့်မရဘူးသိလား”
ကြည့်မရဘူးဆိုတော့ ညိကြတော့မယ်ဆိုတာ သိနေပြီ၊ ကြည့်မရလဲ မကြည့်ပဲထားလိုက် အေးရော ဆိုတာကို ကြည့်ဖြစ်အောင် ကြည့်လိုက်သေးတယ်မို့လား၊ ဘာပဲဖြစ်ဖြစ် သည်ခေတ်ကြီးမှာ နေနန်းတော်လို ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးတစ်နိုင်ငံမှာ ဘာတွေလုပ်လာလဲဆိုတာတော့ မမေးနဲ့ မေးလဲ မမေးသင့် ပြည်တော်ပြန်လာတဲ့ အခြေအနေက လက်ထဲမှာ အတန်ကြီးတွေက အထပ်လိုက်ရှိနေတဲ့ လူငယ်မျိုးက ရှားတယ်လေ။
အိမ်သူလေးကိုလဲကြည့် မင်္ဂလာဆောင်လို့ သတင်းစာထည့်ရင် သူယူထားတဲ့ ဘွဲ့တွေရေးတာနဲ့တင် သတင်းစာ စာမျက်နှာတစ်ဝက်လောက် ကုန်သွားနိုင်တယ် အဲသည်တော့ မဆိုးပါဘူးပေါ့။

နေနန်းတော်။ ။ဆရာကြီး မိန်းကလေးတွေက ဘာလို့ သည်လောက်တောင် လန်းပြီး ဆွဲဆောင်မှုတွေ ရှိနေရတာလဲဟင်
ဆရာကြီး။ ။ဪ ဒါကတော့ မင်းတို့တွေ ကြိုက်လာအောင်လို့ပေါ့ကွယ်
နေနန်းတော်။ ။ဒါဆို သူတို့တွေက လှသလောက် ဘာလို့ အသိဥာဏ်မဲ့ပြီး ဆင်ခြင်တုံတရား မရှိရတာလဲ
ဆရာကြီး။ ။ဒါကြောင့်လဲ မင်းတို့လို ကောင်မျိုးတွေကို ပြန်ကြိုက်နေတာပေါ့
နေနန်းတော်။ ။ဂိန် ဂိန် (အသံမထွက်ပဲ ရင်ဘတ်ကြီးထဲမှ အော်မြည်သံ)
ဆရာကြီး။ ။မောင်နေနန်းတော် မိန်းကလေးတွေကို သံပုရာသီးလို့ထင်နေရင် မင်း သံပုရာသီးစစ်စစ် ဖြစ်နေပြီလို့သာ မှတ်ထားတော့၊ ကဲ ငါလဲ မအားသေးဘူး ထမင်းအိုးလေးတည်ထားတုန်း အဝတ်သွားလျှော်လိုက်ဦးမယ်။
နေနန်းတော်။ ။ဆရာကြီးကလဲ နေပါဦး။

မောင်နေနန်းတော်မိုးယံမြင့် နဲ့ မအိမ်သူဝဠာထက် ပလက်တီနမ် နဲ့ စိန်လို လိုက်ဖက်တင့်တယ်ပေစွ၊ အိမ်သူလေးရဲ့ ဘွဲ့တွေက ရေးထားလိုက်တာ ဖိတ်စာအပြည့်နီးနီး၊ မောင်နေနန်းတော်ကရော ခေသူမဟုတ်ပါ၊ မြန်မာစာဘွဲ့၊ ကွန်ပျူတာဂရပ်ဖစ် ဒီဇိုင်းနာလည်းပါ၊ အမ်ဘီအေကြီးတောင် ပါသေး သူသွားလုပ်ရတဲ့အလုပ်ကတော့ တိုးတိုးတိတ်တိတ်ပြောထားလို့ သိပြီးပါပြီ၊ ဘာပဲဖြစ်ဖြစ် အလုပ်လုပ်လို့ ပိုက်ဆံရတယ်လို့ပဲ မှတ်ထားလိုက်ပါ၊ အချောင်သမားတော့ မဟုတ်ပေဘူး။
မင်္ဂလာဆောင်ကတော့ လူလတ်တန်းစားတွေရဲ့ ထုံးစံအတိုင်း ဘုရားစူးဟော်တယ်မှာ ကျင်းပတာ၊ အချိန်က သိပ်မရ၊ ဘိတ်သိတ်ဆရာ ရွှီးပြီးတာနဲ့ ထောပတ်ထမင်းကို တက်သုတ်ရိုက်စားရတယ်၊ ကြက်သားဟင်းကလဲ တစ်ယောက်တစ်တုံးပဲ ထပ်မလာနဲ့၊ တိုင်းရင်းသားနာမည်ကြီး အဆိုတော်လေး ဆိုနေချိန်မှာ သီချင်းကို နားမထောင်အားတော့၊ ခန်းမကနေ ပြန်ထွက်နေရပြီ။
ဘာပဲဖြစ်ဖြစ် မင်္ဂလာပွဲ အောင်မြင်စွာ ကျင်းပပြီးစီးသွားပြီးပေါ့။
ထိုအချိန်မှစလို့ မောင်နေနန်းတော်လည်း ဆရာကြီးထံ လာလည်သည် မရှိတော့၊ ဆရာကြီးကလည်း အိမ်တွင်းမှုကိစ္စအဝဝကို ကိုယ်တိုင် အုပ်ချုပ်စီမံ ပလန်တွေဆွဲတာ ကိုယ့်လက် ကိုယ့်ခြေဖြင့် လုပ်ကိုင် ဆောင်ရွက် ကိုယ့်ကိုကိုယ် ပြန်ပြီး အနီးကပ်ကြီးကျပ်နေရပါသဖြင့် မအားရနိုင်ပါ။
တစ်ခုသော နွေမနက်ခင်း မှာတော့
“မင်း မင်း နေနန်းတော်”
“ဟာ ဆရာကြီး ဒါ ကျနော်တို့ အခန်းလေ”
ဆရာကြီးနဲ့ နေနန်းတော်တို့ ကျောချင်းကပ် နောက်ဖေးဖက် ဝရံတာတွင် ဆုံမိကြခြင်းဖြစ်၏၊ ဆရာကြီးက ကြမ်းတိုက်တဲ့ အဝတ်စုတ်လေးကို လျှော်ပြီးထွက်လှမ်းချိန် နေနန်းတော်ကလည်း ခေသူမဟုတ်၊ အိမ်ထောင်သက်နုနုမှာပင် အိမ်မှုကိစ္စတွေကို အတော်ကျွမ်းကျင်နေပုံ ရနေပြီ၊
“ဆရာကြီး”
“ဘာလဲကွ ပြောပါဦး”
“ဆရာကြီး ပေးထားတဲ့ ကျနော့နာမည်က သိပ်မှန်တာပဲ”
“နေနန်းတော်ကလဲ အဆက်အစပ်မရှိကွာ”
“အခု ကျနော်ဝယ်နေနိုင်တဲ့ အခန်းက ရှစ်လွှာမှာဆိုတော့ တိမ်တွေတောင် ထိတော့မလိုဖြစ်နေပြီ၊ တစ်ရက် တစ်ရက် အပေါ်တက် အောက်ဆင်း လေးငါးခါလောက် လုပ်လိုက်ရရင် နိုင်ငံခြားမှာ အလုပ် လုပ်ရတာကမှ သက်သာသေးတယ်”
“ကောင်းတာပေါ့ကွာ ငါတောင် သည်လိုအတက်အဆင်း လုပ်လာတာ ကြာလှပြီပဲ ဥစ္စာ”
“ဒါနဲ့ ဆရာကြီး နိုင်ငံခြားပြန်မထွက်တော့ဘူးလား”
“မသွားတော့ပါဘူးကွာ ငါ့လေဒီက ပြန်မသွားရဘူးဆိုလို့”
“ဟုတ်လား သည်လောက်တောင် ကြောက် ကြောက် အဲ ချစ်တာလား၊ ဆရာကြီး စကားမစပ် ဆန်တစ်လုံးကို ရေဘယ်လောက်ထည့်ရသလဲဟ င်”
ထိုအရာကား ဆရာကြီး၏ကျွမ်းကျင်သော ကဏ္ဍဖြစ်လာသဖြင့် အားရပါးရ ပြောကြားရန် ပါးစပ်ကြီးကို ဟလိုက်ချိန်တွင် နိဂုံးချုပ်လိုက်ရပါတော့သည်။

: Ko Ko Gyi
Ainmat.com မှ ကူးယူဖေါ်ပြပါသည်။
 
 

No comments:

Post a Comment