Thursday, 14 March 2013

တောက် သူဋ္ဌေးကွာ.. တို့ဘာသာ  Taxi နဲ့ပြန်လိုက်ရင် ဘယ်လောက်ကုန်မှာမို့လို့လဲ.. 
အလကား ရုံးက ကားကို လွှတ်တော့ ဆီဖိုးတောင်ပိုကုန်ဦးမယ်"..။ လုပ်ဖော်ကိုင်ဖက် 
သူငယ်ချင်းအပြောကို ကျွန်တော်ရယ်နေလိုက်တယ်။ အနော်ရထာလမ်းပေါ်က 
ပျားပန်းခတ် သွားလာနေသော လူတွေကို ဘာရယ်မဟုတ် လိုက်ငေးနေရင်းက တန်ဖိုးကြီး 
Fancy ဆိုင်တစ်ဆိုင်ထဲကို လှမ်းအကြည့်မှာတော့ ကောင်တာအရှည်တစ်ခုရဲ့ 
ငါးယောက်မြောက်က ကောင်မလေးတစ်ယောက်ကို ထူးထူခြားခြားသတိထားမိသွားတယ်။ 
 သူမက အရပ်ရှည်ရှည်နဲ့ လိုက်ဖက်စွာ  ဆံပင်ရှည်ရှည်တွေကို စည်းထားပြီး  
မျက်နှာမှာတော့ မိတ်ကပ်ကိုသာမာန်လောက် ခပ်ပါးပါးလိမ်းထားပုံရတယ်။ ဘာမှတော့ 
ထူးထူးခြားခြားလှတယ်လို့ မဆိုသာပါဘူး.. အဲ ထူခြားတာကတော့ ဈေးရောင်းနေတဲ့ 
သူမမျက်နှာလေးက ခပ်တင်းတင်းလေးနဲ့ စူပုပ်ပုပ်လေးနည်းနည်းဖြစ်နေတယ်ထင်တယ်။ 
သူဋ္ဌေးများ မင်းကို ဆူထားလို့လားလို့ စိတ်ထဲကနေ မေးမိတယ်။ မင်းမျက်နှာထားနဲ့တော့ 
ဈေးရောင်းကောင်းဦးမယ်လို့တွေးပြီး ဟတ်ကနဲ့ ၇ယ်ချလိုက်တော့ ဘေးကသူငယ်ချင်းက 
"ဘာဖြစ်တာလဲ"လို့ ဘုကြည့်ကြည့်ရင်းမေးတယ်။ သူကို ခေါင်းခါပြရင်း ကောင်မလေးကိုပဲ 
ဆက်ကြည့်နေမိတယ်..။ သူမကို ကြည့်ရင်း ကျွန်တော့်စိတ်ထဲ အလိုလိုနေရင်း 
ကြည်နူးသလို ဖြစ်လာတယ်။   အဲလဲ့ ထူဆန်းသားလို့တွေးမိတယ်။ သူမကတော့ ရုံးက 
ကားလာလို့ ကားပေါ်တတ်တဲ့အထိ  ကျွန်တော့် ဘက်ကို ယောင်လို့တောင်လှည့် 
မကြည့်ပါဘူး..။
         နောက်နှစ်ရက်အကြာမှာတော့ ကံအားလျှော်စွာပဲ ကားရပ်လိုက်တာ 
သူမတို့ဆိုင်နားမှာ..။ ကားတံကားဖွင့် ဆင်းရင်း သူမကို တည့်တည့်မျက်နှာမူကာ 
စိုက်ကြည့်မိတော့ သူမက ပြန်အကြည့်နဲ့ မျက်ဝန်းချင်းဆုံမိတယ်။ ကျွန်တော် 
ပြုံးပြလိုက်တော့ သူမက ချက်ချင်းပဲ မျက်နှာလွှဲသွားတယ်။ မျက်ဝန်းချင်းဆုံမိတဲ့ 
စက္ကန့်ပိုင်းအတွင်းမှာ ကျွန်တော် ရင်နည်းနည်းခုန်သွားသလိုပဲ...။အလုပ်ကိစ္စပြီးလို့ 
ရုံးပြန်ရောက်တဲ့ အထိပဲ သူမမျုက်ဝန်းလေးတွေကို ပြန်မြင်ယောင်နေမိတယ်။ "ဟေ့.. 
ကောင်လေးဘာတွေ စဉ်းစားပြီး ပြုံးစိစိဖြစ်နေတာလဲ".. အင်ဂျင်နီယာ 
အစ်မကြီး၏အမေးကို "ဘာမှ မဟုတ်ပါဘူးဗျာ" လို့ဖြေတော့ ဘေးကတစ်ယောက်က 
မင်းဒီနေ့လည်ပိုင်း အပြင်ကပြန်လာကတည်းက ပြုံးစိစိဖြစ်နေတာ မရိုးဘူး "ဆိုတော့ 
စာရေးမက " အင်း  နေ့ခင်းကြောင်တောင် ရန်ကုန်မြို့လည်ကောင်မှာ အပမှီလာတာ 
ထူဆန်းတယ်နော်" လို့ ကြုံတုန်းဝင်နှိပ်ကွက်လိုက်တော့ တစ်ရုံးလိုး ၀ိုင်းရယ်ကြတယ်။ 
ကောင်မလေးရယ် မင်းကြောင့် ငါသူများတွေရဲံ့ ရယ်စရာတောင်ဖြစ်နေပြီ... 
ဒါပေမယ့်လည်း ကျွန်တော်ကတော့ သူတို့ဘယ်လောက်ရယ်ရယ် ခပ်ပြုံးပြုံးဖြစ်နေတဲ့ 
မျက်နှာကို ပြင်မရဘူးဖြစ်နေတယ်..။
         သူမကို သတိရနေပေမယ့် သူမရှိတဲ့ ဘက်ကနီးရက်နဲ့ လမ်းမကြုံဖြစ်နေတယ်။ ၅ 
၇က်လောက်ကြာတော့ သူမကိုတွေချင်စိတ်က ထိန်းချုပ်လို့မရဖြစ်နေတာနဲံ့ 
ရုံးကစောစောဆင်းပြီး သူငယ်ချင်းတစ်ယောက်ကို မရမက အဖေါ်ခေါ်လို့ 
သူမအလုပ်လုပ်တဲ့ ဆိုင်ဘက်ကို ချီတတ်ခဲ့တယ်။ ဆိုင်နဲ့နီးလာလေ 
ကျွန်တော့်ခြေလှမ်းတွေသွက်လာလေပဲ..။ သူငယ်ချင်းက "ဟ.. ဘာဖြစ်တာလဲ. မင်းကို 
ရဲလိုက်ဖမ်းနေလို့လား"တဲ့။ သူမတို့ ဆိုင်ရှေ့ရောက်တော့ သူမဆိုင်မှာ ရှိမနေပါ။ 
ပလက်ဖေါင်းပေါ်မှာ တော်တော်ကြာကြာရပ်လို့စောင့်ကြည့်ပေမယ့် သူမကိုမတွေရပါ။ ဒီနေ့ 
အလုပ်မဆင်းဘူးထင်ပါရဲ့လို့တွေးပြီး စိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့ရတယ်။ 
နောက်နေ့တွေ ဆက်တိုက်သူမ ကိုတွေ့ရမလားဆိုပြီး သွားသွားကြည့်ပေမယ့် သူမက 
လုံးဝပေါ်မလာတော့ပါ။ ဆက်တိုက်လာလာပြီး ကြည့်နေလို့ ဆိုင်ကကောင်မလေးတွေက 
တောင်နည်းနည်း  မှတ်မိနေပြီး တခါတရံ သူတို့ အချင်းချင်းလက်တို့ပြီး ကျွန်တော်နဲ့ 
အဖေါ်သူငယ်ချင်းကို လှောင်ရယ်နေတတ်တယ်။ အဲဒီလိုဆို သူငယ်ချင်းက 
စိတ်ဆိုးတတ်လို့ သူကို မနည်းချော့မော့တောင်းပန်နေရတယ်။ 
ကိုယ်တစ်ယောက်တည်းလည်း သွားမှမသွားရဲတာကို..။
         အဲဒီလိုနဲ့ ကျွန်တော်ရဲ့  စောင့်ကြည့်ရေး စီမံကိန်းကြီးဟာ  သူမနေရာကို နောက်ထပ်အရောင်းစာရေးမ အသစ်တစ်ယောက်  အစားထိုးဝင်ရောက်လာပြီးတဲ့နောက်  မအောင်မြင်စွာနဲ့ပဲ အဆုံးသတ်သွားရပါတယ်..။ ကျွန်တော်ရဲ့ 
လဒကြီးဆေးမိထားသလိုဖြစ်နေတဲ့ ၇ုပ်ကိုကြည့်ပြီး သူငယ်ချင်းက ဆိုင်ထဲဝင်ပြီး စုံစမ်းဖို့ 
အကြံပေးပေမယ့် ကျွန်တော်အဲဒီလောက်အထိ သတ္တိမရှိဘူး..။ ပြီးတော့ ဒီလိုဘာမှ 
မသိတဲ့လူကို သူတို့ရဲ့ လုပ်ဖေါ်ကိုင်ဖက်ဟောင်းအကြောင်း ပြေပြမှာ မဟုတ်တာလဲ 
သေချာတာပဲလေ..။ စက္ကန့်ပိုင်းလောက်သာ မျက်လုံချင်းဆုံမိတဲ့ 
မိန်းကလေးတစ်ယောက်ကို တမ်းတမ်းတတနဲ့ သတိတရရှိနေတာကို 
ကျွန်တော်ကိုယ်တိုင်က လွဲလို့ ဘယ်သူကမှ ယုံမှာ မဟုတ်ပါဘူး.။ သူမကို တနေရာရာမှာ 
ပြန်ဆုံဦးမှာပါဆိုတဲ့ ယုံကြည်ချက်နဲ့ သူမနဲ့ပုံစံချင်းတူတဲ့ မိန်းကလေးတွေကိုတွေရင် 
သေသေချာချာကို လိုက်ကြည့်မိတယ်။ သူမကို နှစ်တွေအတော်ကြာတဲ့ အထိ 
သတိရနေတုန်းပဲ။
         အခုဆို သူမဘယ်နေရာမှာ ရှိနေမလဲ..? သူမ ဘာတွေများလုပ်နေမလဲ? တစ်ချိန်ချိန်  ဒီကမ္ဘကြီးရဲ့ တထောင့်တနေရာမှာ  ပြန်ဆုံနိုင်မယ်ဆိုတဲ့ ဆုတောင်းနဲ့မျှော်လင့်ချက်တွေက  တကယ်ပဲ ပြည့်နိုင်ပါ့မလား..။ လူဆိုတာမျှော်လင်ချက်နဲ့ အသက်ရှင်တာတဲ့.. ဒါဆိုရင်တော့ 
ကျွန်တော် အသက်ရှင်သရွ့ မျှော်လင့်နေမှာပေါ့....။
                (ဒုတိယ ပိုင်းမကြာမှီတင်ပေးပါမည်)
                                                           ကျေးဇူးတင်စွာဖြင်.
                                                                                  စည်သူ



 

No comments:

Post a Comment